အမျိုးသားများ ကြုံလာရမယ့် ဆီးကျိတ်ပြဿနာများ
ဆီးကျိတ်ဆိုတာ အမျိုးသားများမှာ မျိုးပွားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သစ်ကြားသီးအရွယ်ခန့်ရှိပြီး ဆီးအိမ်အောက်ရှိ ဆီးစွန့်ပြွန်ကိုရစ်ပတ်ပြီးရှိနေတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ ဝှေးစေ့မှထွက်လာတဲ့သုက်ပိုးများဟာ ဆီးကျိတ်က ထုတ်လုပ်လိုက်တဲ့ အဖြူရောင်အရည်ပျစ်ပျစ်နဲ့ရောကာ ရှင်သန်လှုပ်ရှားနေသော သုတ်ပိုးများ ပါဝင်ကူးခတ်နေတဲ့သုက်ရည်အဖြစ် ခန္ဓာကိုယ်အပြင်ကို ထွက်ပါတယ်။
ဆီးကျိတ်ဂလင်းဟာ လူပျိုဖော်ဝင်စအရွယ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ရုတ်တရက်အကြီးမြန်လာပြီး အသက်ကြီးလာတာနဲ့အမျှလည်း တဖြည်းဖြည်းချင်း လိုက်ကြီးလာပါတယ်။ အမျိုးသားများမှာ အရေးကြီးတဲ့ ဆီးကျိတ်ပြဿနာ ၃ ခုကတော့ ဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ပိုးဝင်ယောင်ရမ်းခြင်းနဲ့ ဆီးကျိတ်ကင်ဆာတို့ ဖြစ်ပါတယ်။
ဆီးကျိတ်ကြီးခြင်း
ဆီးကျိတ်ဂလင်း သိသိသာသာကြီးလာတဲ့အခါ သူရစ်ပတ်ထားတဲ့ ဆီးစွန့်ပြွန်ရှိရာ ဆီးအိမ်အထွက်အဝကို ညှစ်ပိတ်ထားသလိုဖြစ်ပြီး ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ပြဿနာတွေဖြစ်စေပါတယ်။ အသက် ၅၀ ကျော်သူ အမျိုးသားများ ၃ ယောက်မှာ ၁ ယောက်ခန့် ဖြစ်လေ့ရှိတဲ့ပြဿနာဖြစ်ပါတယ်။ အဝလွန်သူ၊ ဖခင်နှင့်ညီအစ်ကိုအရင်းတို့မှာ ဆီးကျိတ်ရောဂါရှိသူ၊ သွေးချိုဆီးချိုရောဂါ နှလုံးရောဂါရှိသူများမှာ ဖြစ်နိုင်ခြေပိုများပါတယ်။
- ဆီးကျိတ်ကြီးရင် ဘာတွေဖြစ်သလဲ?
ဆီးကျိတ်ကြီးနေတဲ့အခါ
- ဆီးစသွားရန်နှင့် ဆီးရပ်ရန်ခက်ခဲခြင်း
- ထွက်ကျလာတဲ့ ဆီးလုံးသေးသွားခြင်း၊ ဝေးဝေးမပန်းနိုင်တော့ခြင်း
- အားစိုက် ညှစ်ပြီးဆီးစွန့်နေရခြင်း
- မကြာခဏ ဆီးသွားချင်နေခြင်း
- ဆီးအောင့်မထားနိုင်ခြင်း
- ဆီးကျန်ခြင်း၊ ဆီးတစ်စက်စက်ကျခြင်း
- ညအိပ်ချိန်တွင် ခဏခဏထပြီး ဆီးသွားရခြင်း
- ကျောအောက်ပိုင်းနှင့် တင်ပါးခွက်ထဲတွင် တင်းရင်းနာကျင်မှု ခံစားရခြင်းများဖြစ်လေ့ရှိပါတယ်။
ရောဂါလက္ခဏာများဟာ ဆီးကျိတ်ကြီးနေတာ အချိန်ကြာလာနှင့်အမျှ ပိုပိုဆိုးလာလေ့ရှိပါတယ်။
- ဆီးကျိတ်ကြီးနေတာကြောင့် နောက်ဆက်တွဲ ဘာဖြစ်နိုင်သလဲ?
အလွန်နာကျင်ခံစားရခက်တဲ့ ရုတ်တရက် ဆီးသွားလို့မရနိုင်ဖြစ်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးအိမ်တွင်းကျောက်တည်ခြင်းများ၊ ဆီးအိမ်ကြွက်သားထိခိုက်ခြင်း၊ ကျောက်ကပ်ထိခိုက်စေခြင်းများ ဖြစ်စေတတ်ပါတယ်။ ဆီးကျိတ်ကြီးခြင်းဟာ ကင်ဆာမဟုတ်သလို ကင်ဆာဖြစ်လာနိုင်ခြေတော့မရှိပါဘူး။
ဆီးကျိတ်အရွယ်အစားနှင့် မိမိကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆေးသောက်ခြင်း၊ ဆီးစွန့်ပြွန်မှတဆင့် ဆီးကျိတ်ခြစ်ထုတ်ခြင်း၊ ဆီးကျိတ်ခွဲစိတ်ဖြတ်ထုတ်ခြင်းများဖြင့် ကုသနိုင်ပါတယ်။ ညအိပ်ခါနီးတွင် ကော်ဖီ၊ လက်ဖက်ရည်နှင့် အရည်များလျှော့သောက်ခြင်း၊ အဝမလွန်စေရန် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းဖြင့် ရောဂါသက်သာစေရန် အထောက်အကူဖြစ်စေပါတယ်။
ဆီးကျိတ်ယောင်ရမ်းခြင်း
ဘတ်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများဝင်ခြင်းကြောင့် ဆီးကျိတ်ယောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။ အသက် ၃၀ နှင့် ၅၀ ကြား အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဆီးလမ်းကြောင်းရောဂါလက္ခဏာတွေအပြင် ဆီးပူခြင်း၊ ဆီးအောင့်ခြင်း၊ လိင်တံထိပ်၊ ပေါင်ရင်းပေါင်ခြံ၊ စအိုတဝိုက်နှင့် ကျောအောက်ပိုင်းမှာ နာကျင်ခြင်း၊ သုက်လွှတ်စဥ်နာကျင်ခြင်းများပါ ဖြစ်တတ်ပါတယ်။ သောက်ဆေးများဖြင့် ကုသနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်မှ တစ်လ နှစ်လ အတွင်း ပျောက်ကင်းသွားပါတယ်။ တစ်ခါတစ်ရံ နာတာရှည်ယောင်ရမ်းနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဆီးကျိတ်ကင်ဆာ
အသက် ၅၀ ကျော်သူ၊ အဝလွန်သူ၊ ဖခင်နှင့်ညီအစ်ကိုအရင်းတို့မှာ ဆီးကျိတ်ကင်ဆာရှိသူ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆီးကျိတ်ကင်ဆာ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းမရှိပါဘူး။ အသက်ကြီးလာတာနဲ့အမျှတော့ ကင်ဆာ ဖြစ်နိုင်ခြေ တိုးတိုးလာပါတယ်။ ရောဂါအစပျိုးနေစဥ် အစောပိုင်းကာလမှာ ဘာလက္ခဏာမှမပြတတ်ပါဘူး။ နောက်ကျမှသာ အလားတူဆီးလမ်းကြောင်းရောဂါလက္ခဏာများအပြင် ဆီးနှင့်သုက်ရည်တွင် သွေးပါခြင်းများ ဖြစ်လာတတ်ပါတယ်။ ဖြစ်တဲ့ကင်ဆာ အမျိုးအစားပေါ်မူတည်ပြီး ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ဟော်မုန်းဆေးများဖြင့် ကုသနိုင်ပါတယ်။
ဆီးကျိတ်ရောဂါများကို လက်ဖြင့် စမ်းသပ်ခြင်း၊ သွေးထဲရှိ PSA စစ်ခြင်း၊ ဆီးစစ်ခြင်း၊ အာထွာဆောင်းရိုက်ခြင်း၊ အသားစယူစစ်ဆေးခြင်းများဖြင့် ရောဂါရှာဖွေနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်တည်ခြင်း၊ ဆီးစွန့်ပြွန်ကျဥ်းခြင်း၊ ဆီးအိမ်ကြွက်သားအာရုံကြောရောဂါနှင့် ဆီးအိမ်ကင်ဆာတို့မှာလည်း အလားတူ ရောဂါလက္ခဏာများ ခံစားရနိုင်တဲ့အတွက် ဆီးရောဂါများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဆရာဝန်များနှင့် လိုအပ်သလို တိုင်ပင်ပြသဆွေးနွေးသင့်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယုမွန်